Cele

ဇာတ်ကား မရိုက်ရတော့တဲ့ ဇာတ်ပို့ သရုပ်ဆောင်တွေကိုယ်စား နှိုင်းယှဉ်မြင့်မိုရ် ရဲ့ ရင်ဖွင့်စကား ….

Written by Let Pan

နှိုင်းယှဉ်မြင့်မိုရ်ဟာ ဇာတ်ပို့ သရုပ်ဆောင်တွေအတွက် အခွင့်အရေးတွေ နည်းပါးလာတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်။ လက်ရှိမှာလည်း သရုပ်ဆောင်နေထူးနိုင်နဲ့အတူ ဇာတ်ပို့သရုပ်ဆောင်တွေ စုပေါင်းပြီး အလုပ်အဆင်ပြေကြ ဖို့အတွက် ဆွေးနွေး တိုင်ပင်နေတယ်လို့ ဆိုပါတယ်။

ဇာတ်ပို့ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ဟာ ဇာတ်ကားတွေ အရိုက်ကျဲလာတဲ့ အပေါ် သူမရဲ့ ခံစားချက်ကို ရင်ဖွင့်ပြောပြလာပါတယ်။ ဒါပေမယ့် အခက်အခဲတွေဖြစ်နေကြတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေနဲ့ နေထူးနိုင်နဲ့ကတော့ အဆင်ပြေတဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာဖို့ တိုင်ပင်နေကြတယ်လို့ မီဒီယာ အင်တာဗျူးတွေ မှာ ဖြေဆိုခဲ့ပါတယ်။

‘’ နှိုင်းယှဉ်တို့ ဇာတ်ပို့တွေအနေ နဲ့ အလုပ်အဆင်မပြေကြတဲ့အကြောင်းတွေကို ရေးကြတော့ ကိုနေထူးနိုင်က ညီမတို့ ဇာတ်ပို့တွေကို ဆက်သွယ်တယ်။ စိတ်ဝင်စားတဲ့လူတွေ စကားပြောကြည့်မယ်ဆိုပြီးတော့ စကားပြောကြတယ်။ ညီမလေးတို့ ဘာတွေဖြစ်နေကြတာလဲ၊ ဘာတွေ ခက်ခဲနေတာလဲပေါ့။ ဒီလမ်းကြောင်းလေးက ဘယ်လိုတွေ သွားလို့ရတယ်၊ ဗီဒီယိုလေး ကို ဘယ်လိုတွေရိုက်လို့ရတယ်၊ ကိုကြီးလည်း ရိုက်နေပါတယ်ဆိုပြီးတော့ လမ်းကြောင်းလေး တစ်ခုချပြတယ်’’ လို့ သူကဆိုပါတယ်။

လက်ရှိမှာလည်း သူမ တို့လို ဇာတ်ပို့ သရုပ်ဆောင်တွေအတွက် ငွေကြေးအခက်အခဲတွေလည်း ရှိတယ်လို့ နှိုင်းယှဉ်မြင့်မိုရ် က ပြောပါတယ်။ ဒါပေမယ့် အနုပညာကို ချစ်တဲ့ စိတ်ကြောင့် ဇာတ်ကား ရိုက်ချင်တဲ့ စိတ်က ပိုပြင်း ထန်တယ်လို့ ဆိုပါတယ်။

‘’ ကိုနေထူးနိုင် ကိုလည်း ပြောပါတယ်။ ပိုက်ဆံ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အခုချိန်မှာ ပိုက်ဆံကတော့ သမီးတို့ လိုတယ်။ သမီးတို့ အတွက် ပိုက်ဆံ တကယ်လိုပါတယ်။ ဒါပေမယ့် အခုချိန်မှာ ပိုက်ဆံထက် အလုပ်လုပ်ချင်တဲ့ စိတ်က ပို လိုအပ်နေတယ်။ တစ်နေ့ တစ်နေ့ အိမ်မှာ ငုတ်တုတ်ကြီးထိုင်ပြီး ဘာကိုမှန်းမသိ စောင့်နေရတာကို မဖြစ်ချင်ဘူး။ ရိုက်မယ်ဟေ့ လို့သာ ပြောလိုက် အထုတ်ဆွဲပြီး လာရိုက်ချင်တဲ့စိတ်၊ အလုပ်လုပ်ချင်တဲ့စိတ်ဖြစ်နေတယ်။ အဲဒါမှ ကျနေတဲ့ စိတ်တွေ အရင်ဆုံး ပြန်တင်လို့ရမှာ’’ ဆိုပြီးတော့ ဇူလိုင်လ ၇ ရက်နေ့က နှစ်ပါးသွား Update ရုပ်ရှင် အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

နှိုင်းယှဉ်မြင့်မိုရ် ကလည်း ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက်ဖြစ်သလို ခင်ပွန်းဖြစ်တဲ့ ကိုဘင်း ကလည်း ဇာတ်ပို့သရုပ်ဆောင် တစ်ဦးပါ။ ဒါပေမယ့် ဇာတ်ကားရိုက်ကူးရမှု နည်းလာတဲ့အပေါ်မှာလည်း စိတ်ခံစားချက်တွေ မကောင်းတို့ မပြောဖြစ်ကြတဲ့ အခြေအနေ အထိတောင်ရှိကြတယ်လို့ ပြောပါတယ်။

‘’ နှိုင်းယှဉ်နဲ့ အမျိုးသား နဲ့ဆိုရင် သရုပ်ဆောင် အချင်းချင်းပဲ။ ဒါပေမယ့် သရုပ်ဆောင် တဲ့အကြောင်း၊ ကားမရိုက်ရတဲ့အကြောင်း တစ်ခွန်းမှ မပြောကြဘူး။ ပြောလိုက်တာ နဲ့ စိတ်မကောင်းတာတွေ ထွက်လာမှာစိုးလို့ လင်မယားနှစ်ယောက်က သရုပ်ဆောင်ဖြစ်နေပါရက် နဲ့ ဘာလို့ ကားမရိုက်ရတာလည်း တစ်ခါမှ မဆွေးနွေးဘူး။ စကားလည်း မစမိကြဘူးပေါ့နော်။ တစ်ယောက် နဲ့ တစ်ယောက် Feel တွေ ပေါ်ကုန်မှာစိုးလို့ပေါ့’’ လို့ သူက ဆိုပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်ကိုတော့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင် သိရှိခဲ့တာပါ။ ဗီဒီယိုဇာတ်ကားပေါင်းများစွာ၊ ရုပ်ရှင်ဇာတ်ကားကောင်းများစွာ တို့ကိုလည်း ရိုက်ကူး ခဲ့ဖူးသူတစ်ယောက်ပါ။ အခုဆိုရင်တော့ ခင်ပွန်းဖြစ်သူ ကိုဘင်းရယ်၊ တစ်ဦးတည်းသော သားလေးရယ် နဲ့ အတူ မိသားစုဘဝလေး တည်ဆောက်ထားတာကို တွေ့ရပါတယ်။

CRD-Cele Yatkwat

About the author

Let Pan

Leave a Comment